နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့် ထွန်းညှိပူဇော်
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
ထို့အတူ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးတော်များတွင် နိုဝင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)၌ လာရောက်ဖူးမြှော် ကြည်ညိုသူများနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်များကျင်းပလျက်ရှိသည်။
တန်ဆောင်မုန်းလပြည့်နေ့နံနက်ပိုင်းအချိန်၌ ဘု ရား၊ပုထိုးစေတီများတွင် လာရောက်ဖူးမြှော်ကြည်ညိုသူများ၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ၌ ကထိန်လျာသင်္ကန်းကပ်လှူ၍ ကထိန်အလှူတော်မင်္ဂလာဆင်ယင်ခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူ ဆည်းပူးပွားများခြင်း ပြုလုပ်သူများဖြင့် စည်ကားခဲ့သည်။
ထို့ပြင် ညနေပိုင်းအချိန်နှင့်ညပိုင်းအချိန်တို့တွင်လည်း နိဗ္ဗာန်ဈေးပွဲတော်လှူဒါန်းကျွေးမွေးမှုများ၊ မဲဇလီဖူးသုပ်ဒါနပြုသူများ၊ ပံ့သကူအလှူပြုသူ များ၊ ပံ့သကူအလှူကောက်ကြသူများဖြင့် စည် ကားလျက်ရှိသည်။