၁၀၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ ဝါရင့်အနုပညာရှင် အတတ်ပညာရှင် ၁၃၉ ဦးအား ကန်တော့ကြမည်

လာမယ့် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကြီးမှာ ကန်တော့ခံပုဂ္ဂိုလ်ဝါရင့်အနုပညာရှင်အတတ်ပညာရှင် ၁၃၉ ဦးအား ကန်တော့ကြမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သက်ကြီးပူဇော်ပွဲအတွက် အနုပညာလောက နာမည်ကြီးအနုပညာရှင်တွေနဲ့ စေတနာရှင်တွေ ပါဝင်လှူဒါန်းနေလျှက်ရှိပါတယ်။

“ကျွန်မ ရုပ်ရှင်လောကထဲကိုရောက်လာတာ အသက် ၁၅ နှစ်သမီး အသံတိတ်ခေတ်ကပါ။ အဲတုန်းကတော့ လူငယ်ဆိုတော့ လူကြီးတွေကို တွေ့လို့ရှိရင် ကန်တော့တယ်။ ရိုသေတယ်။ ကိုင်းရှိုင်းခဲ့တယ်။ လူကြီးတွေကို ကန်တော့ရင်း အဲတုန်းက ငါတို့လည်းတစ်ချိန်ကြရင် ကန်တော့ခံရဦးမလား မသိဘူးလို့ တွေးမိတယ်။ ခုတော့ ကိုယ်လည်း အသက်ကြီးလာပြီလေ။ ကိုယ့်လောကသားတွေကို ဘာပဲဖြစ်ဖြစ် လှူတာတွေက အရေးမကြီးပါဘူး။ အရေးကြီးတာ ကိုယ်တွေလိုကြီးတဲ့သူတွေ ဂါဝရတရားထားပြီးတော့ သက်ကြီးပူဇော်လာဖို့ပဲ အမေက ဖိတ်ခေါ် ချင်ပါတယ်”လို့ ရုပ်ရှင်သက်ကြီးပူဇော်ခံ နာယကကြီး အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။

သက္ကရာဇ် ၁၉၂၀ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၁၀၄ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကတော့ ၄၆ ကြိမ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အကန်တော့ခံသက်ကြီး ၁၈၀ နီးပါးကိုလည်း ကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ အကန်တော့ခံသက်ကြီးတွေ အနေနဲ့ အသက် ၇၀ နှစ်အထက် ဖြစ်ရမှာဖြစ်ပြီး အနုပညာလုပ်သက်တမ်း အနှစ် ၂၀ ရှိသူမှသာ ကန်တော့ခံစာရင်းဝင်တာလည်း ဖြစ်ပါတယ်။ အခု ၄၇ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံ သက်ကြီးက ၁၃၉ ဦးသာ ရှိတော့တယ်လို့လည်း သိရပါတယ်။

အရင်နှစ်တွေမှာ မြန်မာ့ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ရန်ကုန်မြို ဗဟန်းမြိုနယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) နဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာတို့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကိုတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post UAB ဘဏ်၏ ဒုတိယငွေကြေးတာဝန်ခံကို ဓားဖြင့် ထောက်ပြီး ငွေကျပ် သိန်း ၁၃၀၀ လုယက်