ကမ်းခြေစောင့်တပ်ဖွဲ့သို့ ၄၈ မီတာ အမြန်သွားကင်းလှည့် ရေယာဉ်သစ် (၄)စီး တပ်တော်ဝင်

ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းလုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီးကို မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက အ မှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)၌ ကျင်းပခဲ့သည့် ကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း(၃)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နှင့် ၄၈ မီတာ အမြန်သွားကင်းလှည့် ရေယာဉ်(၄)စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

၎င်းက “ဒီနေ့ဟာ ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်သစ်(၄)စီးကို မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှာ အင်အားဝင် ရေယာဉ်များအဖြစ် တပ်တော်ဝင်စာရင်းသွင်းနိုင်တဲ့ မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်သလို တပ်မတော်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ အတွက် အားသစ်လောင်းတဲ့နေ့တစ်နေ့လည်း ဖြစ်တယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိကို ရေပြင်၊ ဝေဟင် နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ကို တည်ဆောက်ရမည်ဟု မှာကြားသည်၊

ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး စသည့် များပြားသည့်လုပ်ငန်းတာဝန်များအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို နှစ်စဉ် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း လည်း ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော တပ်ဖွဲ့တစ်ခုအဖြစ် ကြိုးပမ်းတည်ဆောက်ရန်လည်း တိုက်တွန်းမှာကြား ခဲ့ကြောင်းသိရသည်။

တပ်တော်ဝင်ခြင်းလုပ်ငန်းစဥ်များဖြစ်သည့် အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီးအား တပ်တော်ဝင်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းတို့ကို ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် ကြီးကြပ်ရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မကွေးမြသလွန် စေတီတော်၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်မည်