မြန်မာ့စီးပွားရေးဘဏ်က အပ်ငွေအတိုးနှုန်းအား အမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ၉ ရာခိုင်နှုန်းမှ အများဆုံး ၁၁ ရာခိုင်နှုန်းအတွင်း တိုးမြှင့်သတ်မှတ်

နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အပ်ငွေအပေါ် အတိုးနှုန်းအား စက်တင်ဘာ ၁ ရက်မှစတင်ပြီး အပ်ငွေအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ၉ ရာခိုင်နှုန်းမှ အများဆုံး ၁၁ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပြင်ဆင်သတ်မှတ် လိုက်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ဩဂုတ်လ ၂၄ ရက် (ယမန်နေ့)တွင် အသိပေးကြေညာထားသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် အပ်ငွေအတိုးနှုန်းများအရ ငွေစုဘဏ်အပ်ငွေအား ၉ ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအား ၁၀ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေများအတွက် (၁) လအပ်ငွေ ၉ ရာခိုင်နှုန်း၊ (၃)လအပ်ငွေ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ (၆)လအပ်ငွေ ၁၀ ရာခိုင်နှုန်း၊ (၉)လအပ်ငွေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ (၁)နှစ်အပ်ငွေ ၁၁ ရာခိုင်နှုန်းသို့ အသီးသီးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်နှင့် ဘဏ်များမှ ချေးငွေပိုမိုထုတ်ချေးနိုင်ရန်တို့အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်မှ ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ပြီးနောက် ပြည်တွင်းပုဂ္ဂလိကဘဏ်များ အပြင် နိုင်ငံတော်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်မှလည်း အပ်ငွေအတိုးနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပြင်ဆင်သတ်မှတ်ချက်အရ စက်တင်ဘာ ၁ ရက်မှစတင်၍ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်လိုက်ပြီး ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post Belove Eloved The Eravati Wedding Fair 2024 ကို ၂ ရက်တိုင်တိုင်ကျင်းပမည်