အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ထောက်ပံ့ ဖြန့်ဖြူး ပေးသွားမည်

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များသို့ APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန် ထောက်ပံ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဖြန့်ဖြူးမည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ+၃ အရန် ဆန် သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများ ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက APTERR အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ယခုကြုံတွေ့ခဲ့ ရသည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာ ဒေသများသို့ အမြန်ဆုံး တင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ရန်ကုန်တိုင်း ဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာသားငါး ထွက်ကုန်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီး အတွင်းရှိ ဆည်၊ တာတမံများ ကြံ့ခိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိရေး ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post တေးသံရှင် ခြိမ့်ကေကို (Banana) ရဲ့ “ရိုးသားကြိုးစား” သီချင်း လေလံရငွေကို ခိုင်နှင်းဝေဆီ လှူဒါန်း