အင်းလေး ဖောင်တော်ဦးဘုရားပေါ်တွင် လူတစ်ရပ်စာ ရေနစ်မြုပ်နေပြီး၊ အင်းလေးဒေသတွင် အကူအညီများ လိုအပ်နေ ဟုဆို

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ ဖော်တော်ဦးဘုရားပေါ်တွင် လူတစ်ရပ်စာ ရေနစ်မြုပ်နေပြီး ဒေသခံများလည်း အခက်အခဲများရှိနေကာ၊ အကူအညီများလိုအပ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက်နေ့မှစ၍ ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် မိုးသည်းထန်သွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး၊ ဖောင်တော်ဘုရားပေါ်တွင် လူတစ်ရပ်စာရေနစ်မြုပ်နေကာ၊ ဒေသအတွင်း ကုန်စည်စီးဆင်မှုမရှိ၍ စာနပ်ရိပ်က္ခာများ အခက်အခဲရှိနေကြောင်း အင်းလေးဒေသရှိ စက်လှေမောင်းသူတစ်ဦးက အခုလိုပြောကြားလာပါသည်။

“ကျွန်တော်တို့ဆီမှာ ရေစတက်တာ နှစ်ရက်ရှိပြီ။ မိုးကလည်းစိမ့်ပြီးရွာတာ။ အခုဆို စက်လှေတွေလည်း နားထား ရတယ်။ ဧည့်သည်တွေမလာလို့။ ရေပေါ်စျေးတွေ ဝယ်လို့အဆင်မပြေတော့ဘူး။ ကုန်တွေကလည်း အဝင်မရှိဘူး။ မနေ့ကဆို စျေးဝယ်တာ ဘာမှမရှိတော့ဘူးဗျ။ အတော်ကို ဒုက္ခရောက်နေပါတယ်ဗျာ။ ဖြစ်နိုင်ရင် ကျွန်တော်တို့ အင်းလေးကိုလည်း။ ကူညီးစေချင်ပါတယ်။ ဖောင်တော်ဦးဘုရားဆိုရင်လည်း လူတစ်ရပ်စာလောက်နစ်နေပြီး။ ရေထပ်တက်လာရင် ဒီထက်ဆိုးဖို့ပဲရှိတော့တယ်။” ဟု ၄င်းက ဆိုပါသည်။

ညောင်ရွှေမြို့တွင် ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်နေပြီး၊ လူဦးရေသိန်းချီကာ ရေဘေးကြုံနေရ၍ စားသောက်ကုန် အချို့ စျေးမြင့်တက်လာ ပြီး၊ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း အင်းလေးဒေသခံတစ်ဦးထံမှ သိရသည်။

“ညောင်ရွှေမှာ ကျေးရွာပေါင်းဆို ၁၀၀ ကျော်မယ်။ လူဦးရေးက သိန်းကျော်မယ်။ အခုရေတွေတက်နေတော့ စားစရာတွေလည်း စျေးတက် နေတယ်။ ဆီတစ်ပိဿာဆိုရင် ၁၂,၀၀၀ ကျပ်စျေးနဲ့ ပေးဝယ်နေရတယ်။ ကြက်သားဆို ၂၈,၀၀၀ စျေးနဲ့ဝယ်ရတယ်။ ရပ်ရွာအချို့မှာဆို စားစရာတွေပြတ်နေပြီ။ အခုလိုအပ်နေတာ ဆန်၊ ဆီ၊ ဆားတွေ လို အပ်နေပါတယ်။” ဟု ၄င်းက ပြောဆိုလာပါသည်။

အဆိုပါရေကြီး ရေလျှံမှုဖြစ်ပေါ်နေသည့် ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် စက်လှေမောင်းသူအချို့ လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ စက်လှေက တစ်အိမ်ကို လေး၊ ငါး၊ ခြောက်စီးရှိကြတယ်။ လုပ်ငန်းတွေကို ခဏနားထားရပါ တယ်။ ကျွန်ကတော့ လောလောဆယ် ကိုယ့်စက်လှေနဲ့ ပရဟိတလုပ်ပေးနေပါတယ်။ ရွာထဲမှာဆိုလည်း အကုန် လုံးက ရေတက်တော့ အကုန်လုံး ရေပေါ်စျေနီးပါဖြစ်သွားပါပြီး။ နှစ်ထပ်အိမ်တွေပါ ရေမြုပ်နေတယ်။” ဟု ဆကလက် ပြောကြားလာပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် ရေနပ်မြုပ်မှုများဖြစ်ပေါ်နေခြင်းကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးဝါများလည်းလိုအပ်နေကြောင်း သိရသည်။ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်း၊ အင်တာနက် စသည့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ ရက်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ အင်းတိမ်ရွာတွင် ရေကြီးရေလျှံမှုကြောင့် ဒေ သခံလူဦးရေ ၂၀ နီးပါး ရေစီးနှင့်မျောပါ၍ သေဆုံးသွားခဲ့ကြောင်း ဒေသအတွင်းသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရေဘေးသင့်ပြည်သူတွေအတွက် ကာလဒါန အလှူအနေနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မိုးဟေကို