၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီမံထားရှိကြောင်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီမံထားရှိပြီး ၎င်းအခမ်းအနားကို ယခင်နှစ်ကျင်းပခဲ့သည့် အစဉ်အလာအတိုင်း ခမ်းနားတင့်တယ်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးရန်၊ အဆိုပါစိစစ်ရေးအဖွဲ့တွင် အတ္တကင်းကင်း၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များအား တာဝန်ပေးအပ်ရန်၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်း မပြုရန်၊ ၎င်းတို့အား အကဲဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ်သည့် အထင်အမြင် လွဲမှားမှုများ ကြုံတွေ့ရနိုင်သည့်အတွက် ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံစိတ်ဖြင့် အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။