ခရီးသည်တင်ယာဉ် ၈ စီးအား ငါးယှန်ကျေးရွာအနီး PDF များက ပစ်ခတ်တိုက်ခိုက်၍ ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး သံဃာတော် ၁ ပါး အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ် များအား ယမန်နေ့နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF များက လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွား ပြည်သူတစ်ဦးသေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်၊ စိန်ဌေးလှိုင်ခရီးသည်တင်ယာဉ်၊ နယူးစွမ်း ခရီးသည်တင်ယာဉ်၊ FAMOUS ခရီးသည်တင်ယာဉ် ၃ စီး၊ ရွှေမန္တလာခရီးသည်တင်ယာဉ်နှင့် ရွှေသလ္လာခရီးသည်တင်ယာဉ်၊ စုစုပေါင်း ခရီးသည်တင်ယာဉ် ၈ စီးတို့သည် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြပြီး ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး ဖြတ်ကျော်စဉ် ကျေးရွာ၏ အရှေ့ဘက်ထိပ်အရောက်၌ PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ PDF များ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးကိစ္စရပ်များနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံးသွားရောက်ခဲ့ရာ ငါးယှန်ကျေးရွာ၏အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံး သွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံးအား ဖော်ထုတ် သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ခရီးသွားပြည်သူများအား မုံရွာမြို့၊ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။


ဆေးရုံသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွားပြည်သူများအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာန ချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး လိုအပ် သည့် ဆေးကုသမှုများဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသည့် အများပြည်သူများ၏ အသက်အန္တရာယ် ထိခိုက် သေကြေသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် CRPH၊ NUG တို့၏လက်ဝေခံ PDF များအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ ဆုတ်ခွာသွားသော အကြမ်းဖက်သမားများနောက်သို့ လိုက်လံချေမှုန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ယူကျူ့ကပေးအပ်တဲ့ Silver Award လေးကို ရရှိသွားခဲ့သော မသန်စွမ်းအဆိုရှင်လေး အေးမြတ်မွန်