တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်မည်

မြန်မာနိုင်ငံတွင် ဘန်ဒေါင်းမူငါးချက်ဟု သိရှိကြသည့်တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ(ငြိမ်း) ဦးသိန်းစိန် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့တက်ရောက်မည့် ဦးသိန်းစိန်အား ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဦးသိန်းစိန်အပြင် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း ယနေ့တွင် အတူတကွ လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘဝနတ္ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်သည့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး၏ စျာပနအခမ်းအနား ယနေ့ကျင်းပမည်
Next post (၂၇-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ