ပြည်သူအများစုသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသူများ ဖြစ်၍ နိုင်ငံတော်၏ ပညာရေးကိုသာ အဓိကအားကိုးနေရ ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ပြည်သူအများစုသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသူများဖြစ်၍ နိုင်ငံတော်၏ ကျောင်းပညာရေးကိုသာ အားကိုးနေရသည့် အတွက် ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်သူလူထုအများစုသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသူများ ဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျောင်းပညာရေးကိုသာ အားကိုးကြကြောင်း၊ အများပြည်သူက ယုံကြည်အားကိုးကြသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာရေး တွင် ပညာတော်၊ ပညာတတ်၊ ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးကို အလေးထားဆောင်ရွက် ပေးကြစေလိုကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အသွေး ပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်မှာ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်ရေးအပေါ် တည်မှီ နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အခြေခံပညာကဏ္ဍတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာသစ်နှစ်တွင် ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်းရှိရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၈ သန်းကျော်အထိ တိုးတက်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်အထိ ကျောင်းအပ်နှံသူ ၇ ဒသမ ၃ သန်းကျော်ရှိပြီဟု သိရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။ ယခုကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်‌ပေး” ဟူသည့် ဦးတည်ချက်နှင့်အညီ ယနေ့မှစတင်ပြီး ဇွန်လ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် အဆိုပါညီလာခံတွင် တက်ရောက်လာသည့် ပညာရှင်များက စာတမ်း ၃၆ စောင် ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post လက်ရှိအသက်အရွယ်အရ အချစ်ဇာတ်လမ်း ရိုက်ချင်တယ် ဆိုတဲ့ မေမြင့်မိုရ်