ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃) သို့ တက်ရောက် ကြမည့်သူများ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် တွင် ယင်းဥပဒေအား စတင်အသက်ဝင်စေခဲ့ သည်။ ထိုသို့ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင် ကြားပေးလျက် ရှိသည်။

ယခုအခါတွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃)သို့ တက်ရောက်ရန်အတွက် နိုင်ငံ့သားကောင်း များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိလာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူ့စစ်မှုထမ်းတာဝန် လာထမ်းဆောင်တာဖြစ်ပါတယ်။ ကျွန်တော် ဒီသင်တန်းကာလ ၃လတာကာလမှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ခံယူထားပါတယ်။ နိုင်ငံတော်ကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းပြီးတာနဲ့ တာဝန်ကျတဲ့တပ်ရင်းမှာ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်လို့ ကျွန်တော်ကတော့ ဆုံးဖြတ်ထားပါတယ်။” ဟု သင်တန်းသား ရဲထိုက်ဦးက ပြောသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)တွင် သင်တန်းတက်ရောက်ရန် ရောက်ရှိလာခဲ့ကြသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအားပေး စကားပြောကြားပြီး ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပျံလွန်တော်မူ ခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်းနှင့် တောင်းပန် အပ်ကြောင်း နစကဥက္ကဋ္ဌက လျှောက်ထားလွှာပေးပို့