လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ယနေ့(ဇွန် ၁၅ ရက်)နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အတွင်းရှိ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများအား မိတ္ထီလာ မြို့၊ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် နစက ဥက္ကဋ္ဌ က အထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက မိတ္ထီလာဒေသတိုးတက်ရေးအတွက် ရှိပြီး သားအခြေခံကောင်းများကိုအသုံးချ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မိတ္ထီလာ ဒေသသည်တိုးတက် လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတစ်ခု တိုးတက်ရေးအတွက် ဒေသတွင်နေ ထိုင်သည့် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုသည်သာလျင် အဓိကကျကြောင်း၊ မိမိ တို့အနေဖြင့် လာမည့်အောက်တိုဘာလအတွင်း လူဦးရေနှင့်သန်းခေါင်စာရင်းကောက် ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံရေးကိုအကြောင်းပြုပြီး မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း၊ထို့ကြောင့် မိတ္ထီလာဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့တွင် ရှိပြီးသားဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့ပြင် နစကဥက္ကဋ္ဌသည် ဇွန် ၁၅ ရက် မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝန်ကြီး ချုပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်တာဝန်ရှိ သူများလိုက်ပါ၍ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၆-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်