တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ အားကောင်းစေရေး အတွက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် (၆) စီး ပေးအပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကူအညီပေးအပ်သည့် ကင်းလှည့်ရေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေကြောင်း ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး (ဝါးတန်း)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai တို့ ဦးဆောင်၍ အခမ်းအနား တက်ရောက် လာကြသူများသည် လမ်းမတော်မြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားရှိသော ကင်းလှည့်ရေယာဉ် နှစ်စီးပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေယာဉ်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပါသည်။

ဆက်လက်၍ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ကျေးဇူးတင် စကားပြောကြား၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai က အမှာစကား ပြောကြားပါသည်။ ယင်းနောက် လွှဲပြောင်း/လက်ခံခြင်း စာလွှာများကို လက်မှတ်ရေးထိုး၍ အပြန် အလှန် လဲလှယ်ကြပါသည်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ အပေါ် အခြေပြု၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း စဉ်များ အားကောင်းစေရေးအတွက် လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနှင့် ၄၈ မီတာ ကင်းလှည့်ရေယာဉ် ၄ စီးတို့ကို အကူအညီပေးအပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၂-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ