နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကို နစကဉက္ကဋ္ဌ တို့ဇနီးမောင်နှံ သွားရောက်ကြည့်ရှုစစ်‌ဆေးခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့မှ ဧပြီ ၅ ရက်၊ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါအရောက် သာသနာတော်ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိစဉ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့) ၀၀၀၂ အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို ဧပြီလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

င်းနောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးနာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရတို့အား ဖူးမြော်ကြည်ညိုရာ ဆရာတော်ကြီးများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်ကြီး၏ အသုံးအဆောင်များပစ္စည်းများအား ပြန်လည်စုဆောင်းပြုစု၍ ပြခန်းအဖြစ်ပြသထားရှိနိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများကို လျှောက်ထားတင်ပြကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပတော်မူမည့်နေရာသို့ ရောက်ရှိကာ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ပင့်ဆောင်ပူဇော်မည့်လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာမှုရှိအောင် ဆောင်ရွက်ထားရှိရန်၊ ယာဉ်သွားလာမှုများ စနစ်တကျဖြစ်စေရန်၊ အခမ်းအနားသို့ ကြွ ရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၏ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးအလောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်းတို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္ဇျယ်ပြု၍ ရှင်သာမဏေအဖြစ်သို့လည်းကောင်း၊ ၁၃၁၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်းကောင်း အသီးသီးရောက်ရှိတော်မူခဲ့ကြောင်း၊ သက်တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာမူလတန်းပညာသင်ယူတော်မူခဲ့ပြီး ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်းဘာသာဖြင့် မူလဓမ္မာစရိယတန်း အောင်မြင်သည်အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်ကို စတင်ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရပါဠိ ပထမပြန်မူအတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းများကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ကြောင်း၊ ၁၃၅၅ နှစ်မှစတင်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တာချီလိတ်မြို့အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုအဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်းများစသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏ သက်တမ်းတစ်လျှောက် ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧပြီလ ၆ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၆-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ