မြန်မာနိုင်ငံ၏ပြဿနာများက ပြည်တွင်းရေးကိစ္စများသာဖြစ်ပြီး မြန်မာ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားရမည်ဟု တရုတ်သံတမန် ပြော

ဧပြီလ ၅ ရက်

မြန်မာနိုင်ငံ၏ နိုင်ငံရေးအငြင်းပွားမှုများသည် ပြည်တွင်းရေးကိစ္စများသာဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများတွင်ပါဝင်နေသော သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာတရုတ်လက်ထောက်သံအမတ်ကြီး Geng Shaun က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ မြေပြင်အခြေနေများကို တည်ငြိမ်ကောင်းမွန်မှုများပြန်လည်ရရှိစေရန်အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ပေးသွားမည်ဖြစ်ကြောင်းလည်း Geng Shuan က မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပြုလုပ်သောလုံခြုံရေးကောင်စီအစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပြန်လည်ရယူနိုင်အောင် လမ်းကြောင်းပေါင်းစုံ အသုံးပြု ကြိုးပမ်းနေတယ်။ မြန်မာနိုင်ငံရှိ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်စေ့စပ်ဆွေးနွေးတာ၊ ဆက်သွယ်တာတွေ လုပ်ဆောင်နေတယ်။ ရခိုင်ပြည်နယ်ရဲ့အခက်အခဲပြဿနာတွေ ဖြေရှင်းနိုင်အောင် တရုတ်နိုင်ငံဟာ အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတယ်” ဟု Geng Shuan က ပြောပါတယ်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများဘဝ ရှင်သန်ကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးမည်ဆိုသောကတိများကို ဆက်လက်အကောင်ထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုထားပါတယ်။

Ref, CGTN

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးမြို့ရှိ မဟာအောင်မြေလဝကရုံးတွင် ဗုံးပေါက်ကွဲ မှုကြောင့် ကိုးဦးဒဏ်ရာရရှိ
Next post မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်း အချို့တို့အား တရုတ်သံအမတ် သွားတွေ့