မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ပန်းဘဲတန်း ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ကြည့်ရှုအားပေး

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသည် ယမန်နေ့ နံနက်(၀၃:၄၂)နာရီ အချိန်တွင် မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် စုစုပေါင်း(၂၅)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား ၁၈၆ ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက်(၀၄:၅၅)ချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်နေရာအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား အပျက်အစီးများအမြန်ဆုံးဖယ်ရှားရှင်းလင်းပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့်တွေ့ဆုံ၍ ယခုမီးလောင်ကျွမ်းသွားသည့် ကျောင်းဝင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံသည် ကျောင်း၏ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် များစွာပင်စိတ်မကောင်းဖြစ်မိပါကြောင်း၊ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်အား အမြန်ဆုံးပြန်လည်တင်ပြကြရန်လိုကြောင်း၊ ကျောင်းသူကျောင်းသား များ သတ်မှတ်စာသင်နှစ်အတွင်း စာသင်ကြားမှု မထိခိုက်စေရေးအတွက် စာသင်ကြားနိုင်ရေး စာသင်ခန်း လုံလောက်မှု ရှိ၊ မရှိနှင့် စားပွဲခုံများ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန် လိုအပ်သလို ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်ဆည်း ပေးနိုင်ရေး လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားရေးအတွက် ကျောင်းဆောင်သစ်အမြန်ဆောက်လုပ်ရေးနှင့် ယာယီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများမှ လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုအပေါ် ကျောင်းဆောင်များပြန်တည်ဆောက်နိုင်ရေး၊ ကျောင်းသုံး ပရိဘောဂများနှင့် အခြားလိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသား
Next post ထိုင်းဘုန်းကြီးကျောင်းဝင်းအတွင်း ခုတ်လှဲခံရတဲ့ သစ်ပင်ရဲ့ ပင်စည်အနှစ်အသားထဲမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တွေ့ရှိ