“ညမထွက်ရ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပခဲ့

ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက သရဲဒရာမာဇာတ်လမ်းပုံစံ “ညမထွက်ရ ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဧပြီ ၁၈ ရက်က မြန်မာနိုင်ငံက ညမထွက်ရ အမိန့်တစ်ကျော့ပြန် ကြေညာခဲ့တာ ၅ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ခဲ့တယ်။ စတင် ဖိတ်စာလည်း စဖိတ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ညမထွက်ရဆိုတဲ့ နာမည်နဲ့ ဇာတ်ကားရိုက်ချင်ခဲ့တာ ကြာပါပြီ။၂၀၁၃၊ ၂၀၁၄ ခုနှစ်လောက်ကတည်းက ရိုက်ချင်ခဲ့တာပါ။ ကျွန်တော်တို့က ဟို အရင်ကတည်းက ဒီခေါင်းစဉ်က ရင်နှီးနေခဲ့တာကြာပါပြီ။ ခုမှ ဒီဇာတ်ကားနာမည်နဲ့ အကောင်အထည်ဖော်ဖြစ်သွားတာပါ။ ညမ ထွက်ရကတော့ သရဲကားလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် သရဲပါတဲ့ Cry Drama ကားလို့ ဆိုရရင်လည်း ရပါတယ်။ စိတ်လှုပ်ရှားစရာဇာတ်ကားပါလို့ ပြောလို့ရပါတယ်။ ကျွန်တော်နဲ့ အရင်တုန်းက လက်တွဲရိုက်ခဲ့တဲ့ မင်းသားတွေ ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပါ”လို့ အကယ်ဒမီ ညိုမင်းလွင်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ ငလျင်ဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက် ရုပ်ရှင်ရုံအတွင်း လိုက်လံပြီး အလှူငွေတွေကို ကောက်ခံခဲ့ကြပါတယ်။ဒီဇာတ်ကားကို တွဲဘက်ဒါရိုက်တာ ထူးနွယ်အိမ်နဲ့ ဇော်G၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာပိုင်းကို ညိုမင်းလွင်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းထွန်း၊ နေမင်း၊ ဘုန်းမင်းနေလ၊ မြယာ၊ ယွန်းမြတ်သူ၊ မြတ်၊ ဘုန်းသျှံ၊ အောင်ဖြိုးလင်း စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ညမထွက်ရ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဧပြီ ၂၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၃-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ