ပရီးမီးယားလိဂ်တွင် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၃)ရာသီဆက်တိုက် အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် ဘရိုက်တန်အသင်း မှတ်တမ်းဝင်
ဇန်နဝါရီလ ၂၀ ရက်နေ့
ဘရိုက်တန်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၃)ရာသီဆက်တိုက် အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဘရိုက်တန်အသင်းသည် မန်ယူအသင်းကို ယခုနောက်ပိုင်း ဆုံတွေ့မှုများ၌ တောက်လျှောက်အသာစီးယူနိုင်ခဲ့သည့် အသင်းဖြစ်ပြီး နောက်ဆုံးဆုံတွေ့ခဲ့သည့် ပရီးမီးယားလိဂ်(၇)ပွဲ၌ (၆)ပွဲအထိ အနိုင်ရရှိပြီး (၁)ပွဲသာ ရှုံးနိမ့်ခဲ့သည်။
၂၀၂၂-၂၃ ရာသီ၌ နှစ်ကျော့စလုံး အနိုင်ရရှိခဲ့သလို၊ ယခုရာသီတွင်လည်း နှစ်ကျော့စလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၃-၂၄ ရာသီက အဝေးကွင်းပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၃)ရာသီဆက်တိုက် အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ပရီးမီးယားလိဂ်(၃)ပွဲဆက် အနိုင်ယူခဲ့သည့် ပထမဆုံးအသင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဖြစ်ပြီး ၂၀၁၁-၁၂၊ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ရာသီနှင့် ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ၊ ၂၀၁၈-၁၉ ရာသီများတွင် အနိုင်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း(၁၂)ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ (၆)ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ၁၈၉၃-၉၄ ရာသီက (၇)ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အများဆုံးရှုံးနိမ့်မှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။
မန်ယူအသင်းသည် ဒီဇင်ဘာလအတွင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်နှင့် နယူးကာဆယ်တို့ကို (၃)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအခါ ၂၀၂၅ ခုနှစ်အတွင်း၌ ပထမဆုံးအိမ်ကွင်းရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ဘရိုက်တန်အသင်းမှာမူ အစ်ဝစ်ချ်နှင့် မန်ယူအသင်းတို့ကို အဝေးကွင်းတွင် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးစွမ်းဆောင်နိုင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
၂၀၂၃ ခုနှစ်က အဝေးကွင်းတွင် ဘရိုက်တန်အသင်း အနိုင်ရခဲ့သည့် နှစ်သင်းမှာလည်း ဝုလ်ဗ်နှင့် မန်ယူအသင်းတို့ဖြစ်သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး(၉)ပွဲတွင် (၆)ပွဲအထိ ရှုံးနိမ့်ခဲ့သဖြင့် တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်ရ သည့်အခြေအနေ ဖြစ်လာပြီဟု ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။
#မန်ယူ #ဘရိုက်တန် #အိုးလ်ထရက်ဖို့ဒ် #DBN