လုံခြုံရေးမီးဖွင့်ထားရာမှ လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးမှု ထားဝယ်မြို့တွင် ဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ ညောင်ပင်ကြီးလမ်းတွင် နေအိမ်တစ်လုံး၌ လုံခြုံရေး မီးဖွင့်ထားရာမှ ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့မှု အောက်တိုဘာ ၂၇ ရက် နံနက် ၁ နာရီမိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုမှာ မိနစ် ၄၀ ကြာလောင်ကျွမ်းခဲ့ပြီး အလျား ၁၈ ပေ၊ အနံ ပေ ၄၀ ရှိသော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ခံ(၂)ထပ် နေအိမ်တစ်လုံးနှင့် အလျား ၁၈ ပေ၊ အနံပေ ၄၀ ရှိသော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်၏ အပေါ်ထပ် မီးလောင် ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၂ စီးတို့ဖြင့် ထားဝယ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်ငြှိမ်းသတ်ခဲ့သည်။ လူနေအိမ်မီးလောင်မှုကြောင့် ပိုင်ရှင် ဦးသင်းဆွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်ဟု ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။