အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသားများ ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်း စွမ်းဆောင်ရည်အပြင် လူသားအရင်း အမြစ်ကို တိုက်ရိုက် ဖွံ့ဖြိုးစေနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်အား တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင် အားကစားများမှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ်ကို တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပနေခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ် လူငယ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန် ရည်ရွယ်မွေးထုတ်ပေးနေခြင်းလည်း ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်အားကစားသမားများသည် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ဒေသတွင်းပြိုင်ပွဲများတွင် အဆင့်အတန်း ပြည့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြသည့်အပြင် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ဆုတံဆိပ်အသီးသီး ဆွတ်ခူးရရှိနေကြသည် ကိုလည်း တွေ့ကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲ၊ မြန်မာ့သိုင်း (ကျား/မ) ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ဘောလီဘော (ကျား/မ) ပြိုင်ပွဲ၊ ဂျူဒို (ကျား/မ) ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲ ၁၀ မျိုးအား အောက်တိုဘာ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် နစကဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာသူများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့နိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင် နှင့်အဖွဲ့ ရေဘေးကူညီထောက်ပံ့လှူဒါန်း
Next post (၂၆-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ