၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီ ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ဖို့ လျာထား
လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကယ်ဒမီ ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ဖို့ လျာထားတယ်လို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးထံမှ သိရပါတယ်။
“ကျွန်တော်တို့ လက်ရှိမှာ ရုပ်ရှင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေက ကြည့်ရှုအကဲဖြတ်တာတော့ အားလုံး ပြီးသွားပါပြီ။ ပထမအဆင့် ရုံပြပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၉ လုံးကို ကြည့်ရှုအကဲဖြတ်ကြတယ်။ ဒုတိယအဆင့် ၁၈ ကားထွက်လာပါတယ်။ အဲဒီ ၁၈ ကားစလုံးကို အသေးစိတ်ကြည့်ရှု အကဲဖြတ်ပြီးသွားပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ပဲ အဲဒီဇာတ်ကား ၁၈ ကားထဲကို Nomination ကနေ သတ်မှတ်လိုက်ပါတယ်။ ဒီဇာတ်ကား ၁၈ ကားထဲကနေ အကယ်ဒမီဆုပေါင်း ၁၂ ဆု ပေးအပ်ချီးမြှင့်ဖို့ လျာထားပါတယ်။ ဆုတွေကို အကုန်ပေးမယ်၊ မပေးဘူးဆိုတာကတော့ သေချာပြောလို့မရသေးပါဘူး။ အိတ်ဖောက်ဖွင့်ကြည့်မှ သိရမှာပါ”လို့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ညနေ ၅ နာရီမှာ နေပြည်တော်ရှိ MICC မှာ ကျင်းပမှာလည်းဖြစ်ပြီး Nomination စာရင်းဝင် မြန်မာရုပ်ရှင်ဇာတ်ကား ၁၈ ကားကတော့ ဘိုးတော်ကင်း၊ ချစ်သူသည်သာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ ယောက်ျားကောင်း အတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ၊ မိတင်စိန်၊ နို့ထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက်ဆုံးအနမ်း၊ သဘင်သည် မြနှင်းဆီ၊ နှောင်၊ မရဲ့အေးခဲသွားကြသူများ၊ အိပ်မက်ကာရန်၊ တိမ်ပန်းချီနဲ့ မေတ္တာ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။