စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနား နစက ဥက္ကဋ္ဌ တက်ရောက် မိန့်ခွန်းပြောကြား
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌအား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြပြီးနောက် နစက ဥက္ကဋ္ဌက စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၉၈၈၊ ဗိုလ်လောင်းထက်အာကာ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၈၅၃၊ ဗိုလ်လောင်းသီဟစိုး၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၀၀၁၊ ဗိုလ်လောင်း နေသုခ၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၁၂၆၊ ဗိုလ်လောင်း ရဲထက်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၉၄၀၊ ဗိုလ်လောင်း ဇော်ဖြိုးအောင် တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် SAC ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် “ဒီနေ့ကာလမှာ ပြည်တွင်းပြည်ပ အဖျက်သမားတွေဟာ Social Media ကို လက်နက်သဖွယ် အသုံးပြုပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် တပ်မတော် သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ထိုးနှက်တိုက်ခိုက်လျက်ရှိနေတယ်။ အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ရေး၊ကာကွယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ တို့တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲအောင် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုကို လုပ်ဆောင်နေတာ မြင်တွေ့ရမှာဖြစ်တယ်။ အဲဒီလို တပ်မတော်ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေကို နားမယောင်မိဖို့လိုသလို မိမိတို့အနေနဲ့ တာဝန်ကျရာ ဌာနအသီးသီးကို ရောက်ရှိသွားတဲ့အချိန်မှာ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သတင်းအတု၊ သတင်းအမှား များကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်သွားစေဖို့ တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့ အတွက် စည်းရုံးလုပ်ဆောင်သွားဖို့လိုအပ်တယ်။ တပ်တွင်းစည်းလုံးညီညွတ်မှုရှိစေရေးအတွက် အထက်က ပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့လိုသလို လက်အောက်ကို ထိတွေ့မှုများများနဲ့ ဦးဆောင်ပြီး နေ့စဉ် လုပ်ဆောင်ရတဲ့ တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီး ၄ ရပ်ကို အောင်မြင်အောင် လုပ်ဆောင်သွားဖို့ အလေးထားမှာကြား လိုတယ်။ ရဲဘော်တို့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအားကောင်းအောင် တည်ဆောက်ရမှာဖြစ်သလို တစ်ဖက်ကလည်း တပ်အပြင်စည်းရုံးရေးကိုလည်း အောင်မြင်အောင် လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်။ လက်ရှိအခြေအနေမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်အချို့ဟာ တပ်မတော်အပေါ်မှာ ပြည်သူလူထုရဲ့ အထင်အမြင်တွေ လွဲမှားသွားစေဖို့အတွက် ပြည်ဖျက်မီဒီယာများနဲ့ ပူးပေါင်းပြီး တပ်မတော်ပုံရိပ်ကျဆင်းအောင် ပြောဆိုရေးသားနေကြတာကိုလည်း တွေ့ရှိရတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တပ်မတော်ပေါ်မှာသာမက တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွှတ်မှုအပေါ်မှာ ဆိုးရွားစွာထိခိုက်လာနိုင်တာ ရဲဘော်တို့ အသိပဲဖြစ်တယ်။ ဒါကြောင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ ပြည်ဖျက်မီဒီယားများရဲ့ ဆိုးရွားတဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ အသိ၊ သတိနဲ့ ဆင်ခြင်ပြီးစစ်မှန်တဲ့ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်သွားရမှာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် နစ ဥက္ကဋ္ဌသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့သည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် နစက ဥက္ကဋ္ဌသည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားအား ညနေပိုင်းတွင် ပြည်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၊ အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ နစက ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။