ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ပွဲကျင်းပမည်
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်မှာ စေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေမှာ ပြန်လည်ကျင်းပမှာ ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရသည်။ ရွှေတိဂုံစေတီတော်၏ မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲကို ၂၀၁၉ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပြီး ကိုဗစ်ကာလအတွင်းက မကျင်းပနိုင်ခဲ့ဘဲ အခု ၂၀၂၄ ခုနှစ်မှသာ ပြန်လည် ကျင်းပခြင်း ဖြစ်သည်။
မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် ရက်လုပ်ကြမည် ဖြစ်ပြီး ရရှိလာသည့် ပိတ်သားပြင်ကို အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေး အမှတ် ပေးပြီး ဆုအဆင့် ခွဲခြားသတ်မှတ်ကာ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ မသိုးသင်္ကန်းပိတ်စတွေကို ဝိနည်းတော် နှင့်အညီ ညတွင်းချင်း ချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက် အရုဏ်မတက်မီ သတ်မှတ် ရုပ်ပွားတော်တွေကို ကပ်လှူပူဇော် သွားမည်ဖြစ်သည်။
မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ အောင်ပွဲ အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းတာ၊ ဩဝါဒါစရိယ ဆရာတော်တွေနှင့် စောင့်ရှောက်ရေး ဆရာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ကထိန် သင်္ကန်းကပ်လှူခြင်း၊ အနုမောဒနာ တရားနာကြားခြင်းနှင့် ကုသိုလ်အမျှပေးဝေခြင်းများကို ပြုလုပ်မည် ဖြစ်သည်။